ပီနန်း (Penang)၊ မလေးရှား (Malaysia) ၁၈-၂၀ ဧပြီ ၂၀၁၅
အရင်တစ်ခေါက်ကလို ခရီးကုန်ကျစရိတ်အသေးစိတ်မရေးတော့ပဲ သွားခဲ့တဲ့နေရာတွေရဲ့ အနေအထား လူနေမှုပုံစံလေးတွေကိုပဲ အဓိကားပြီးပြောပြချင်ပါတယ်။ ရုံးကလုပ်ဖော်ကိုင်ဖက် မလေးတရုတ် ကာရှောင်း က သူ့ဇာတိဖြစ်လို့ သူ့အစီအစဉ်နဲ့ ပိုက်ဆံကအစ နောက်မှအားလုံးပြန်တွက်ပေး လောလောဆယ် အားလုံးသူပဲတာဝန်ယူ ရှင်းသွားတော့ ဘာကဘယ်လောက်ကုန်မှန်း အတိအကျမသိတော့ဘူး။ ဘယ်လောက်ကုန်ခဲ့လဲမေးရင်တော့ စနေမနက်အစောကြီးသွား တနင်္လာညမိုးချု့်မှပြန်ရောက် ၂ညအိပ်၃ရက်ခရီးကို လေယာဉ်လက်မှတ် 113S$ အပါအဝင် အပြီးအစီး ပိုပိုလိုလိုမှန်းကြည့်တာ စင်္ကာပူဒေါ်လာ၄၀၀လောက်ပဲကုန်ခဲ့ပါတယ်။ ဟော်တယ်ငှားစရာမလိုပဲ ကာရှောင်းအိမ်မှာပဲတည်းခွင့် ရခဲ့တာဆိုတော့ ပုံမှန်ထက်ပိုသက်သာခဲ့တယ်လို့ ပြောလို့ရတာပေါ့။
ပီနန်းလေဆိပ်ရောက်တော့ ပထမဆုံးသတိထားမိတာက လူလေးတွေက အရမ်းကိုရှုပ်ရှက်ခက်မနေပဲ သူ့ဟာနဲ့သူ အေးအေးလူလူနဲ့ သာသာယာယာဖြစ်နေတာကိုပါ။ မြန်မာပြည်က နယ်မြို့လေးတစ်မြို့ ကိုရောက်သွားသလိုပေါ့။ တစ်ဆက်ထဲတွေးလိုက်မိတာက ပထမဆုံး ဒီနိုင်ငံကိုရောက်လာတဲ့သူဆိုတော့ တကယ်လို့သာ ရန်ကုန်လေဆိပ်မှာလို လေဆိပ်ကထွက်တာနဲ့ လူတွေအနားကိုဝုန်းဆိုဝိုင်းလာပြီး ပစ္စည်း ကူဆွဲပေးဖို့ ကားငှားဖို့လိုက်မေးတဲ့သူတွေသာရှိရင် ဘာတွေလဲဆိုပြီး နဲနဲတော့ကြောက်မိမှာ အသေအချာပဲ။
လေယာဉ်ပါ်ကဆင်းတာနဲ့ လူဝန်မှုကြီးကြပ်ရေးကိုမဖြတ်ခင်မှာ ဖုန်းဆင်းကဒ်အရောင်းကောင်တာလေးကို စတွေ့ရတော့ ဘယ်ပြောကောင်းမလဲ ပြေးဝယ်ကြတာပေါ့။ သူက ခဏလာလည်တဲ့လူတွေအတွက် 21RM နဲ့ ၇ရက်စာ အကန့်အသန့်မရှိဒေတာပါသုံးလို့ရတဲ့ လိုင်းကိုဝယ်လို့ရအောင် စီစဉ်ပေးထားတော့ လူချင်းကွဲသွားရင် ဆက်သွယ်လို့ရတဲ့အပြင် ခရီးသွားရင်း ဖေ့ဘွတ်မှာချက်ကင်ဝင်ချင်သူတွေ ခရီးစဉ် တလျှာက်လုံးပုံလေးတွေကို ရိုက်ပြီးချက်ချင်းတင်ချင်သူတွေအတွက် အတော်လေးကိုအဆင်ပြေ သွားပါတယ်။
နောက်တစ်ခုအကြိုက်ထပ်တွေ့တာက သွားဖို့လာဖို့ကားငှားတဲ့ စနစ်ပါ။ နိုင်ငံတကာကားမောင်းခွင့် လိုင်စင်ရှိသူ စင်္ကာပူနိုင်ငံယဉ်မောင်းလိုင်စင်ရှိသူဆိုရင် မလေးရှားမှာ ကားမောင်းလို့ရပါတယ်။ ကားကို လေဆိပ်မှာပဲ စငှားလိုက်တယ်။ သူတို့ ကားငှားပုံစနစ်က ရိုးရိုးရှင်းရှင်းနဲ့ အဆင်ပြေတယ်။ သူများကားမောင်းရမှာဆိုတော့ ပိုက်ဆံနည်းနည်းပိုပေးပြီး အာမခံကြေးပါထည့်လိုက်ရတယ် အရမ်းတော့ မများပါဘူး အားလုံးပေါင်း ၄၈နာရီစာကို RM438 ပေးရတယ်။ ငှားချင်တဲ့ကားအမျိုးအစားတွေကို စာအုပ်နဲ့ပြထားပြီး စိတ်ကြိုက်ကားနဲ့ ငှားနှုန်းတွေကို စိတ်တိုင်းကြရွေး၊ ပြီးရင် သတ်မှတ်ထားတဲ့ နှုန်းထားနဲ့ စပေါ်တင်၊ ကားကိုမယူခင်သေချာစစ် ပြီးရင်လက်မှတ်ထိုးပြီး ယူသွားရုံပဲ။ ကားကိုဆီအပြည့်ဖြည့်ပေးလိုက်ပြီး ပြန်လာရင် သူထည့်ပေးလိုက်တဲ့ဆီအတိုင်းပြန်ပေး။ စပေါ်ငွေကိုလဲ မာစတာကဒ်၊ ဗီဇာကဒ်တွေနဲ့ပေးလို့ရတော့ လဲလာတဲ့ပိုက်ဆံနဲ့မလောက်မှာပူစရာမလိုတော့ဘူးပေါ့။ ခရီးသွားတိုင်း ကားငှားရတာအဆင်မပြေဖြစ်လေ့ရှိတဲ့သူဆိုတော့ သဘောတွေကျလို့ပေါ့။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့ ခရီးစဉ်စထွက်ပါပြီ။ ရှောင်မင်းက ပိုက်ဆံအိပ်လိုက် အိမ်မှာထားခဲ့ သူဆိုတော့ ယဉ်မောင်းလိုင်စင်ပါ မပါလာတော့ ကာရှောင်းတစ်ယောက်ထဲ ကားမောင်းရပြီပေါ့။ အားလုံးက လမ်းမသိပေမဲ့ကိစ္စမရှိပါဘူး GPS ကြည့်ပြီးသွားကြတာပေါ့။ ရှောင်မင်းကလမ်းပြ ကာရှောင်းကကားမောင်း ကိုယ်တွေနှစ်ယောက်ကတော့ နောက်ကနေထိုင် ဟိုကြည့်ဒီကြည့်နဲ့ သက်တောင့်သက်သာ ကားလိုက်စီးပေါ့ ဇိမ်ကိုကျနေတာပဲ။
ဒါကတော့ ကျွန်မတို့ခရီးစဉ်ရဲ့လမ်းပြနဲ့ တိုးဂိုက်ပါ :P
ဒါကတော့ ကျွန်မတို့လမ်းပြက ဘယ်ဘက်ချိုးဖို့ကို ဘယ်ကွေ့ပါလို့မပြောပဲ ညာဘက်မကွေ့နဲ့လို့ ပြောနေတဲ့ပုံပါ :D
ရှောင်မင်းရဲ့တောင်းဆိုချက်အရ လေဆိပ်ကနေ မိနစ်၃၀လောက်မောင်းရင်ရောက်တဲ့ အပြာရောင်အိမ် (Blue House) လို့လူသိများတဲ့ Cheong Fatt Tze Mension ရှိရာ ဂျော့မြို့ (George Town) လို့ခေါ်တဲ့နေရာကိုအရင်ထွက်ခဲ့ကြတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်တုန်းက ဗြိတိသျှဘုရင်ခံ ဂျော့ ဆိုတဲ့ နာမည်ကိုအဆွဲပြုပြီး ဂျော့မြို့လို့အမည်တွင်ခဲ့တယ်လို့ တရုတ်ကလေးကရှင်းပြပါတယ်။ လူဦးရေ ၂၂သိန်းကျော်နေထိုင်တဲ့ မလေးရှားနိုင်ငံမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်လို့သိရပါတယ်။ မလေးနာမည်နဲ့ဆို တန်ဂျွန် (Tanjung) အင်္ဂလိပ်လိုဆို The Cape (အပေါ်ဝတ်ရုံရှည်) လို့လဲ အမည်ရပါတယ်။
Blue House က မန်ချူးလူမျိုး လူကုန်တန်သူဌေး တရုတ်ကုန်သည် တစ်ယောက်ဆောက်လုပ်ခဲ့တဲ့ ရှေးဟောင်းအိမ်တစ်လုံးကို သမိုင်းဝင်ပြတိုက်အနေနဲ့ ပြသထားတာပါ။ အခန်းပေါင်း ၃၈ခန်း၊ လှေကားပေါင်း ၇ခု နဲ့ တရုတ်အနုပညာဗိသုကာတွေ ထွင်းထားတဲ့ တံခါးနဲ့ ပြတင်းပေါက်ပေါင်း ၂၂၀ပါရှိတဲ့ ၂ထပ်ပါရှိတဲ့ မဲနယ်ပြာရောင်အိမ်တစ်လုံးဖြစ်ပါတယ်။ Blue House ကိုရောက်တော့ ပြတိုက်ကပိတ်သွားပါပြီ။ မနက်၉နာရီကနေ ညနေ၃နာရီထိပဲဖွင့်ပါတယ်တဲ့။ အဲ့ဒါနဲ့ပဲ အပြင်နားလေးကနေပဲ အိမ်ကိုနောက်ခံထားပြီး ဓါတ်ပုံရိုက် ကျေနပ်လိုက်ရပါတယ်။
Blue House ကပိတ်နေတော့ တိုင်ပင်တွေနဲနဲလွဲကုန်ပါပြီ။ ညနေနေအေးတဲ့အချိန်မှ ကမ်းခြေသွားဖို့ကို စောပြီးသွားနေရပါပြီ။ Blue House ကနေ ၁၅မိနစ်လောက် သွားလိုက်ရင် ပန်ထိုင်းဘာတူဖရင်ဂီ (Pantai Batu Feringghi) လို့ခေါ်တဲ့ ကမ်းခြေရောက်ပါပြီ။ အဲ့ဒီရောက်တော့နေပူတုန်းပဲရှိပါသေးတယ်။ နေပူကြီးကြဲတဲမှာပဲ လေထီးစီးရပါတော့တယ်။ လေထီးက နောက်က ထိမ်းပေးမဲ့သူပါအပါ တစ်ယောက်ကို RM150 လောက်တော့ပေးရတယ်။ အတွေ့အကြုံသစ်နဲ့ ကိုယ်နေတဲ့ တိုင်းပြည်မှာလဲ ဒါမျိုးလေးတွေမရှိသေးဘူးဆိုတော့ ပေးရတာတော့ တန်ပါတယ်။
လေထီးကိုရှေ့က မော်တော်ဘုတ်က ကြိုးနဲ စွန်လွှတ်သလို မောင်းဆွဲသွားတာကို ပါရာဆေးလင်း (parasailing) လို့ခေါ်မှန်း အဲ့တော့မှသိတာပါ :P ။ ကြိုး၂ချောင်းထဲနဲ့ လေထီးကနေ လူကိုတွဲလောင်း
ဆွဲထားတော့ ရှုခင်းကို အပေါ်ကနေ ကြောက်ကြောက်နဲ့ပဲ အတင်းကိုင်ထားပြီး ကြည့်ရပါတယ်။ နောက်မှာ လူတစ်ယောက်က လိုက်ထိန်းပေးတယ်ဆိုပေမဲ့ အောက်ကိုငုံ့ကြည့်ရင် ပင်လယ်ရေပေါ်မှာရောက်နေတာဆိုတော့ အသဲတယားယားနဲ့ ပြုတ်ကျသွားမှာ ကြောက်မိတယ်။ ဒါပေမယ့်လဲ ဒါပေမယ့်ပေါ့မွေးရာပါ ကဲနေကြဆိုတော့ ကြောက်တာကြောက်တာ ဆော့တာဆော့တာပေါ့။ မော်တော်ဘုတ်မောင်းတဲ့လူနဲ့ နောက်ကလိုက်ထိမ်းပေးတဲ့သူတွေကလဲ တော်ချက်က စတက်တဲ့နေရာကနေ ပြန်အဆင်းအဲ့ဒီနေရာကို ကွက်တိရောက်အောင်ပြန်ချပေးနိုင်တယ်။ တရုတ်ကလေး အလှည့်စီးတုန်းက လေထီးက ပင်လယ်ပေါ်ကို ပြန်ကျမလိုဖြစ်သွားလိုက်တာကို စီးနေတုန်းကမသိလိုက်ပဲ ဗွီဒီယိုဖိုင်ပြန်ကြည့်မှ မြင်ပြီး အသဲယားသွားသေးတယ်။ အဲ့ဒီကမ်းခြေမှာပဲ parasailing မတော်တဆမှု ရာဇဝင်တွေလဲရှိထားတာကို အိမ်ပြန်ရောက်ပြီး အင်တာနက်မှာရှာကြည့်မှ သိရတာဆိုတော့ နည်းနည်းတောင်ကြောက်သွားတယ်။
တခြား Spead Boat တို့ Banana Boat တို့ Donut Boat တို့ ရှိသေးပေမဲ့ လေထီးလေးနဲ့ပဲ ကျေနပ်လိုက်ပြီး ညစာစားဖို့ ဂါနီလမ်းသစ် (New Gurney Drive) ဘက်ကိုထွက်ခဲ့ပါတယ်။ ကမ်းခြေကနေဆို ၁၀မိနစ်လောက်ပဲမောင်းရပါတယ်။ ကားပါကင်ရှာပြီး ရပ်တာကမှ ပိုကြာမယ်ထင်တယ်။ လမ်းမှာ ကားနဲ့လိုက်ရောင်းတဲ့ ချဉ်ပေါင်းသည်တွေ့လို့ ဝယ်စားလိုက်ကြသေးတယ်။
ခုတောင်စာရေးရင်းနဲ့ ပုံတွေကြည့်ပြီး ပြန်စားချင်လို့ သွားရည်ကျနေပြီ ရှလွတ်
Gurney Drive ရောက်ပြီ ထိုင်ဖို့စားပွဲရှာ ဟိုကြည့်ဒီကြည့် သွားရည်ကျ
ငါးကင်စားမလား
အကင်စားမလား
ကာရှောင်းစားစရာတွေသွားမှာနေတုန်း အကြိုက်ဆုံးအစာ အာပုံမုန့်လေးအစာပြေစား အုန်းရည်လေးသောက်ပြီးစောင့်
ညစာစားပြီး ပီနန်းကနေ ၄၅မိနစ်မောင်းရင်ရောက်တဲ့ ကာရှောင်းနေတဲ့ တိုင်ပင်း (Taiping) မြို့လေးခရီးဆက်ခဲ့ကြပါတယ်။ ပီနန်းကနေ ၈မိုင်ကျော်ရှည်တဲ့ ပီနန်းကျွန်းနဲ့ ကုန်းမကြီးကို ဆက်ပေးထားတဲ့ ပီနန်းတံတားကနေဖြတ်ပြီး သွားခဲ့တယ်။ ပီနန်းကျွန်းပေါ်ကလူတွေကို ဦးစားပေးတဲ့အနေနဲ့ ပီနန်းကနေ main land ကိုလာရင် တံတားဖြတ်ခ မြို့ဝင်ခပေးစရာမလိုပဲ main land ကနေ ပီနန်းဘက်ကိုပြန်သွားရင် ဂိတ်ကြေးပေးရတယ်။ တံတားမရှိခင်တုန်းကဆို ပီနန်းနဲ့ main land ကို ဇတ်နဲ့ဖြတ်ရတယ်တယ်။ ခုထိလဲ ဇတ်ကိုအသုံးပြုနေတုန်းပဲ။ ကာရှောင်းက စီစဉ်တာတော့တော်တယ် အတွေ့အကြုံနှစ်မျိုးစလုံး သိသွားအောင်တဲ့ အသွားကို တံတားပေါ်ကဖြတ်ပြီး အပြန်ကျရင် ဇတ်နဲ့ဖြတ်ပြီးပြန်ဖို့စီစဉ်ထားတယ်။
တံတားကကြီးတော့ တံတားပေါ်ကဖြတ်သွားရင် ရိုးရိုးအဝေးပြေးလမ်းမကြီးကနေသွားနေသလိုပဲ တံတားကိုခပ်ဝေးဝေးကကြည့်မှပဲ လှမှာ
ကာရှောင်းက သူ့အိမ်မှာ သူ့အဖေနဲ့အမေရယ် သူ့အမရယ်၃ယောက်ပဲရှိတော့ သူ့အိမ်မှာပဲပးတည်းတယ်။ ကာရှောင်းအဖေနဲ့အမေက အသက်ကြီးပေမဲ့ ကျန်းကျန်းမာမာရှိပြီး အဖိုးကြီးအဖွားကြီး အေးအေးဆေးဆေးနဲ့ သက်တောင်သက်သာမြို့လေးမှာနေကြတာ။ ကာရှောင်းဟော်တယ်က ဝိုင်ဖိုင် ရေပူရေအေး အဲကွန်းအကုန်ပါ အခမဲ့ဟော်တယ်ပေါ့။ သူများအိမ်ဆိုတော့ အိမ်မှာရှိတဲ့ ကာရှောင်းအဖေအမေကို နှုတ်ဆက်စကားပြော ကုပ်ကုပ်ကုပ်ကုပ်နဲ့ ရေဝင်ချိုး အခန်းထဲဝင် ဝိုင်ဖိုင်ချိတ် ဖေ့ဘွတ်လေးခဏသုံး အိပ် နောက်နေ့မနက်ရောက် ၇နာရီအိပ်ယာပြန်ထ။ မနက်ရောက်တော့ ကာရှောင်းအမေက မနက်စာ ကြာဇံကြော်နဲ့ ကော်ဖီကြမ်းဧည့်ခံ စားလို့ကောင်း။ အဲ့ဒီအိမ်မှာ ၂ညအိပ်ခဲ့ရတယ်။
သူ့အိမ်မှာဘုရားစင်အကြီးကြီးတွေ့တော့ စပ်စုကြည့်တာပေါ့။ ဘုရားစင်မှာ အဆင့်ဆင့်တွေရှိပြီး အဆင့်တစ်ဆင့်နဲ့တစ်ဆင့်မတူဘူး။ ဓါတ်ပုံက ရိုက်မကောင်းဘူးဆိုလို့ မရိုက်ခဲ့ရဘူး။ အပေါ်ဆုံးအဆင့်မှာ ဘုရားကိုထားပြီး တစ်ဆင့်နိမ့်မှာ ဘိုးဘွားစဉ်ဆက် ၅ဆက်ကိုထားတယ်။ ဘုရားစဉ်အောက်ကြမ်းပြင်ပေါ်မှာ ယခင်ပထမဆုံးပိုင်ဆိုင်ခဲ့တဲ့ မြေပိုင်ရှင်နဲ့ အိမ်မြေကြီးအောက်မှာရှိနေမဲ့ အမည်မသိဘာညာတွေကို ဆုတောင်းပူဇော်ထားတယ်။ နောက်ဖေးမှာလဲ မီးဖိုစောင့်နတ်ထားတဲ့ နတ်စင်လေးရှိသေးတယ်။ တရုတ်အစဉ်အလာအရ စက္ကူမီးရှို့ရင် ဘုရားစင်အောက်မှာပဲရှို့ရတာတဲ့။ စင်္ကာပူမှာဆို တိုက်အောက်ဆင်းပြီရှို့တာဟာ တကယ်ဆိုနည်းလမ်းမမှန်ဘူးတဲ့။ သက်ဆိုင်တဲ့သူက ဘယ်ကရှို့ပေးတာလဲဆိုတာ မသိတော့ဘူးတဲ့။
အခုတည်းတဲ့အိမ်က အိမ်ယာအသစ်ဝယ်ထားတာဆိုတော့ သူတို့ယခင်နေခဲ့တဲ့ အိမ်အဟောင်း ကိုလိုက်ပြသေးတယ်။ သူ့အမေက အိမ်အသစ်မှာနေပေမဲ့ အိမ်အဟောင်းကို ကားလေးနဲ့ နေ့တိုင်း လာပြီး အပင်လေးတွေလာစိုက် ခွေးလေးတွေကိုအစာလာကြွေးလေ့ရှိတယ်။ သူ့အရင်အိမ်က ကွင်းပြင်ကျယ်ကြီးနဲ့ တောင်တန်းတွေကို ရှင်းနေအောင်မြင်ရတော့ အိမ်ကအသစ်လောက်မကောင်းပေမဲ့ အဲ့ဒီနေရာလေးကို ပိုကြိုက်မိတယ်။ ပြီးတော့ သူတို့ခြံထဲမှာ ဘိုးဘွားတွေကို ကန်တော့တဲ့ အဆောင်လေးသီးသန့်ဆောက်ထားပြီး ဂါဝရပြုထားတယ်။ ကာရှောင်းပြောပြချက်အရ ဆွေစဉ်မျိုးဆက် ၅ဆက်ထိ ဂါဝရပြုလေ့ရှိတယ်တဲ့။
အိမ်ဘေးကွင်းပြင်ကနေကြည့်ရင် နောက်ကတောင်တန်းပြာတွေကို မြင်ရတယ်
အိမ်၂လုံးရှိတော့ အိမ်အဟောင်းကို လူငှားမတင်ဘူးလားလို့မေးကြည့်တော့ ဒီမြို့မှာ လူတိုင်းက ကိုယ်ပိုင်အိမ်နဲ့နေနိုင်ကြတယ်တဲ့။ အိမ်လာငှားရင်တောင် ဘာလို့ ကိုယ့်အိမ်မှာကိုယ်မနေပဲ သူများအိမ်ကိုလာငှားတာလဲဆိုပြီး သံသယဖြစ်စရာရှိတယ်ဆိုပဲ။ နယ်မြို့လေးဆိုပေမဲ့ လူတိုင်းနီးပါးက ကိုယ်ပိုင်အိမ်နဲ့ ကိုယ်ပိုင်ကားနဲ့ အေးအေးလူလူ နေနိုင်တဲ့အနေအထားမှာရှိတာကို တွေ့ရတယ်။ မလေးရှားလို အစိုးရရဲ့လာဘ်စားမှု နာမည်ကြီးတဲ့နိုင်ငံတောင် လူနေထိုင်မှုက အဆင့်တစ်ဆင့်ထိတော့ ရှိသေးတယ်။ ကားလမ်းလေးတွေဆိုလဲ လမ်းကြိုလမ်းကြားကအစ ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့ ချိုင့်ခွက်မရှိ သပ်သပ်ရပ်ရပ်လေးနဲ့ တော်တော်သဘောကျမိတယ်။
အဲ့ဒီမြို့လေးမှာ တရုတ်လူမျိုးအများဆုံးနေထိုင်ကြပြီး တရုတ် နဲ့ မလေး ဘာသာစကား၂မျိုးစလုံးနဲ့ ပြောလို့ရတယ်။ လူမျိုးကြီး၂မျိုးသာနေထိုင်ကြတာ သူ့အစုနဲ့သူကွဲနေပြီး မလေးဆိုမလေးကျောင်းမှာပဲတက် တရုတ်ဆိုတရုတ်ကျောင်းမှာပဲတက်ကြရတယ်။ တရုတ်ရပ်ကွက်မှာ မလေးမနေသလိုပဲ မလေးရပ်ကွက်မှာဆို တရုတ်တွေနေလေ့မရှိကြဘူး။ မြို့လေးရဲ့ထူးခြားချက်က မိုးအမြဲရွာတာပဲ။ သူတို့မြို့မှာဆို လူတွေက နေ့တိုင်းမိုးရွာလို့ ဒီနေ့မိုးရွာမလားမရွာဘူးလား မလောင်းကြပဲ ဒီနေ့ မိုးရေချိန်ဘယ်လာက်ထိရွာမလဲလို့ပဲ လောင်းကြတာတဲ့။ မိုးကဆက်တိုက် ရွာတာတော့မဟုတ်ပဲ ရွာလိုက်တိတ်လိုက်ပဲ။ အဲ့ဒီမြို့ကို ရောက်တဲ့ညကနေ ပြန်တဲ့အထိ ၁ရက်ခွဲလောက်ပဲ နေတာတောင် မိုး ၄ ၅ ခါလောက်ရွာသွားတယ်။
မနက်ပိုင်းစောစောကို ဘုကစ်လာရု (Bukit Larut) ကိုသွားတာ လက်မှတ်မမှီဘူး ကုန်သွားပြီတဲ့။ သူက တောင်ကုန်းလေးပေါ်ကို ဂျစ်ကားနဲ့တက်ရမှာဖြစ်ပြီး ကားလက်မှတ်ကို ၇နာရီကစပြီး လက်မှတ်ကို သတ်မှတ်အစောင်ရေ မကုန်မချင်းရောင်းတာပါ။ လက်မှတ်အစောင်ရေ သတ်မှတ်ချက်ရှိတာကြောင့် စနေတနင်္ဂနွေတွေမှာဆို လက်မှတ်ကောင်တာဖွင့်တာနဲ့ ခဏလေးနဲ့ကုန်သွားတတ်လို့ မဖွင့်ခင်ကတည်းကရောက်အောင်သွားတန်းစီထားမှ လက်မှတ်ရဖို့သေချာနိုင်ပါတယ်။ မသွားခဲ့ရတောင် အပေါ်မှာဘာရှိမှန်းမသိဘူးပေါ့။
ငါးမရရေချိုးပြန် Taiping Lake Garden ဘက်ကိုပဲထွက်ခဲ့ပြီး ဓါတ်ပုံတွေပတ်ရိုက်ခဲ့လိုက်တယ်။ အဲ့ဒီနေရာက အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့တဲ့နေရာဆိုတော့ အင်္ဂလိပ်တွေအကွက်ရိုက် မြို့တည်သွားလို့ထင်တယ် ရန်ကုန်ကနေရာတွေအားလုံးနဲ့ ခပ်ဆင်ဆင်တွေချည်းပဲဖြစ်နေတယ်။ Lake Garden ဆိုလဲ ကန်တော်ကြီးပတ်ပတ်လည်နဲ့ အားလုံးခပ်ဆင်ဆင်တွေချည်းပဲ။ ကားနောက်ခန်းမှာထိုင်ပြီး ကိုယ်တွေမြန်မာနှစ်ယောက်ထိုင်ပြီး ကမ်းနားလမ်းရောက်လာပြီ၊ ခြောက်ထပ်ရုံးကိုရောက်ပြီ၊ ကန်တော်ကြီး ကိုရောက်ပြီနဲ့ နောက်နေကြပါသေးတယ်။ ဈေးဝယ်တဲ့နေရာတောင်လိုက်ပြလို့ ကျောင်းလမ်းဈေးပြန်ရောက်သွားသလိုတောင် ထင်လိုက်မိပါသေးတယ်။
ဒါလေးက ကန်တော်ကြီးက ကျွန်းလေးပေါ့
ဒါက ကန်တော်ကြီးက ပြိုကျတော့မဲ့ သစ်သားတံတား
သစ်ပင်ပေါ်မှာ အောက်ချင်းငှက်လေး၂ကောင်တောင် တွေ့ခဲ့သေးတယ်
ဓါတ်ပုံရိုက်လို့အားရပြီဆိုတော့ ATV စီးဖို့သွားကြပြီ။ ATV ကလေးဘီးတပ် ဆိုင်ကယ်အသေးစားလေး တောလမ်းတွေနဲ့ ကမ်းခြေတွေမှာအစီးများတယ်။ ကာရှောင်းက အရင်တစ်ခေါက်က ရုံးကလူတွေနဲ့လာပြီး အဲ့ဒါစီးတုန်း ကောင်မလေးတစ်ယောက် မတော်တဆမှောက်ပြီး လက်ကျိုးထားတော့ မစီးစေချင်ဘူး။ တစ်ခုခုထပ်ဖြစ်မှာတော်တော် စိုးရိမ်နေပုံပဲ။ ပြောမရလို့သာလိုက်ပို့ရပုံပေါ်တယ်။ သူပြောသလိုပဲ ကားက မှောက်ဖို့တအားလွယ်တယ်။ အားလုံးကတစ်ခါမှမစီးဘူးတော့ တော်ထဲထိသွားဖို့က နည်းနည်းတော့ အန ္တရာယ်များတယ်။ အဲ့ဒါနဲ့ပဲ Fun Ride အဆင့် 150RM ဖိုး ခြံထဲပတ်စီးပြီးပဲ ကျေနပ်လိုက်ပါတယ်။
သူက Fun Ride အပြင် Off Road Package ၁နာရီခွဲစာလောက် တောအုပ်ထဲဝင်စီးလို့ရသေးတယ်။ ဒီထပ်ပိုပြီး Camp သွားချင်တဲ့သူတွေအတွက် Camp Site တွေလုပ်ထားပြီး တဲထိုးပြီး ညအိပ်သွားလို့ပါရသေးတယ်တဲ့။
နေ့လည်စာလဲ ထုံးစံအတိုင်း ရိုးရိုးကန်တင်းမှာပဲ စားဖို့စီစဉ်တယ်။ နေ့လည်စာ ကွေ့တီယောင်လို့ခေါ်တဲ့ နန်းပြားကြော် (မြိတ်ကက်ကြေးကိုက်) အရသာနဲ့ ခပ်ဆင်ဆင်ကို ပါဆယ်သွားဝယ်လာပြီး ရေခဲခြစ်ဆိုင်သွား ရေခဲခြစ်မှာပြီး အဲ့မှာပဲစားကြတယ်။ ကွေ့တီယောင်ကို ဖတ်ရွက်တစ်မျိုးနဲ့ ထုပ်ပေးလိုက်တော့ အဲ့ဒီဖတ်ရွက်အနံ့ မီးသွေးနဲ့လိုလို အနံ့အရသာရတာကိုက တစ်မျိုးတော့စားလို့ကောင်းသား။
သူတို့ရေခဲခြစ်က မုန့်လက်ဆောင်းလေးတွေရော မြေပဲလေးတွေရော မုန့်ကြာစိလေးတွေပါ ပါတယ်။ သူတို့နိုင်ငံမှာ မုန့်လက်ဆောင်းလဲရှိတာကိုး။ မုန့်လက်ဆောင်းရေခဲခြစ်တစ်ယောက် တစ်ခွက်အပြင်ကို Mountain လို့ခေါ်တဲ့ တောင်ပုံလုပ်ထားတဲ့ရေခဲခြစ်တစ်ခွက် ထပ်မှာပြီး ၄ယောက်ဝိုင်းစားကြသေးတယ်။ ကာရှောင်းကတော့ သူတို့ငယ်ငယ်က ကျောင်းဆင်းရင် ဒီဆိုင်အမြဲလာပြီး ရေခဲခြစ်စားကြကြောင်း၊ ရေခဲခြစ်တောင်ကိုကိုယ့်ဘက်မပြိုအောင် အလောင်းအစားလုပ်ပြီး စားကြကြောင်းရှင်းပြလေရဲ့။
Mountain ရေခဲခြစ်
နေလည်စာစားပြီး နေ့လည်အိမ်ပြန်ခဏနားပြီး ညနေ၃နာရီလောက်မှ တစ်ခါက်ပြန်ထွက်ကြပါတယ်။ ညနေကျတော့ မီးသွေးစက်ရုံတွေရှိတဲ့ နေရာ Taiping ကနေ ၃၀မိနစ်လောက်မောင်းရတဲ့ Kuala Sepetang မြို့လေးကိုလိုက်ပြပါတယ်။ မြို့က ပင်လယ်ဘေးကပ်ရပ်နားမှာရှိပြီး လမုပင်တွေများတဲ့အတွက် ထင်းလုပ်တဲ့စီးပွားရေးအများဆုံးလုပ်တဲ့ မြို့လေးတစ်မြို့ပေါ့။ လမ်းတစ်နေရာမှာ ပင်လယ်ဒီရေတက်နေလို့ ကားကို ရှောင်ပြီးမောင်းရသေးတယ်။ ပင်လယ်ရေက ဆားဓါတ်ပါတော့ ကားအစိတ်အပိုင်းတွေကို ပျက်စီးစေတတ်လို့ အိမ်ပြန်ရောက်တော့ ကာရှောင်းတစ်ယောက် ကားဆေးရသေးတယ်။
မီးဖုတ်တဲ့အုပ်ပေါင်းအိုးအကြီးကြီးတွေထဲမှာ ထင်းချောင်းတွေကိုစီပြီ မီးမွေးပြီး အလုံပိတ်ပြီး မီးသွေးဖုတ်ကြတာပါ။ ငယ်ငယ်က အိမ်မှာမီးသွေးသုံးပေမဲ့ မီးသွေးဘယ်လိုလုပ်တယ်ဆိုတာကို ခုမှပဲမြင်ဘူးတယ်။ မီးသွေးကုန်တင်ကုန်သယ်ကို ပင်လယ်ဘက်ကနေ မော်တော်နဲ့တင်ပို့ပုံတယ် မီးသွေးစက်ရုံဘေးမှာ မော်တော်ဝင်လို့ရတဲ့ ပင်လယ်ထွက်ပေါက် မြောင်းသာသာ မော်တော်ဘုတ်လမ်း တစ်ခုဖေါက်ထားတယ်။
မီးသွေးစက်ရုံ
စက်ရုံဘေးဘက် ပင်လယ်ထွက်ပေါက် မော်တော်လမ်း
မီးသွေးပေါင်းဖို
မီးမဖုတ်ခင် ထင်းချောင်းများ မီးဖိုထဲတွင်စီထားပုံ
ပင်လယ်နဲ့နီးတော့ နာမည်ကြီးပင်လယ်စာစားသောက်ဆိုင်တွေလဲရှိတာပေါ့။ ခရီးတစ်လျှောက်လုံး ဒေသခံလူတွေရဲ့ နေထိုင်ပုံတွေ့အကြုံရအောင် အစားအသောက်ကအစ ပုံမှန်ဆိုင်လေးတွေမှာပဲ စားခဲ့ကြတော့ ဒီညစာတစ်နပ်လောက်တော့ နာမည်ကြီးစားသောက်ဆိုင်လေးမှာ စားဖူးတယ်ရှိအောင် တက်စားလိုက်ကြတာပေါ့။ အစားကောင်းစားရင် သူငယ်ချင်းတွေကိုလဲ သတိရနေကြဆိုတော့ သူငယ်ချင်းတို့လဲ အဲ့ဒီကိုရောက်ဖြစ်ရင် ဝင်စားလို့ရအောင် ဆိုင်လိပ်စာလေးကိုမျှဝေပေးလိုက်ပါတယ်။ ပင်လယ်စာဂဏန်းနဲ့ တခြား အဲ့ဒီမြို့မှာ နာမည်ကြီး ဟင်းတချို့ကို ခေါက်ဆွဲကြော်နဲ့ရောပြီး ထမင်းလွတ် စားခဲ့တယ်။ အဲ့ဒီမှာ ဟင်းရွက်ကြော်တစ်ခုမှာ ဓညင်းသီးသေးသေးလေးတွေလဲ ပါတယ်။ မြန်မာပြည်က ဓညင်းသီးလိုမဟုတ်ပဲ အရွယ်က ပဲစိမ်းစိသာသာ သေးသေးလေးတွေနဲ့ အရသာက စိမ့်စိမ့်လေးတွေ စားလို့တော့ တော်တော်ကောင်းတယ်။
ဆိုင်လေးက ပင်လယ်ဘေးမှာရှိပြီး ဆိပ်ကမ်းလေးတွေ မော်တော်ဘုတ်လေးတွေ နဲ့ ရှုခင်းသာသာယာယာလေးနဲ့ ညစာစားရတာ ပိုပြီးအရသာရှိတာပေါ့။ ငှက်တွေကိုစိတ်ဝင်စားတဲ့သူဆို အဲ့ဒီမှာ သိမ်းငှက်တွေအများကြီးကို တွေ့ရလိမ့်မယ်။ ဆိုင်မှာကို သိမ်းငှက်အရုပ်အကြီးကြီး ဆိုင်ခေါင်မိုးထိပ်မှာ အလှဆင်ထားသေးတယ်။ သိမ်းငှက်တစ်မျိုးထဲတင်မဟုတ်ပဲ အခြားငှက်မျိုးစုံ ကျက်စားရာ ငှက်ကြည့်သူများ အထူးစိတ်ဝင်စားတဲ့ ထင်ရှားတဲ့နေရာတစ်နေရာလဲ ဖြစ်ပါတယ်။
ဆိုင်အပေါ်ကနေ လှမ်းမြင်ရတဲ့ရှုခင်း
ဆိုင်အပေါ်ကနေပဲ လှမ်းမြင်ရတဲ့ ပိုးစုန်းကြူးတွေသွားကြည့်တဲ့ မော်တော်ဆိပ်ကမ်း
အဲ့ဒီဒေသမှာ စိတ်ဝင်စားစရာအကောင်းဆုံးက ပိုးစုန်းကြူးလေးတွေပါပဲ။ အဲ့ဒီနေရာကနေ မော်တော်နဲ့ မိနစ်၂၀လောက် သွားရတဲ့ ကျွန်းလေးတစ်နေရာမှာ ပိုးစုန်းကြူးတွေအများကြီးရှိတယ်။ မှောင်မဲနေတဲ့ ပင်လယ်ထွက်ပေါက်နား မော်တော်ဘုတ်ပေါ်ကနေ ကျွန်းဘေးက သစ်ပင်တွေထဲမှာ ပိုးစုန်းကြူးတွေက ခရစ်စမတ်သစ်ပင်လေးလိုပဲ ပြိုးပြိုးပြက်ပြက်နဲ့ အရမ်းကို ထူးထူးဆန်းဆန်းနဲ့ အမြင်အရမ်းဆန်းပါတယ်။ ခရီးတစ်လျှောက်လုံးမှာ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာမြင်ကွင်းတစ်ခုဆိုလဲ မမှားပါဘူး။
မျက်စိနဲ့ပဲကြည့်ရတာအဆင်ပြေပြီး ဓါတ်ပုံရိုက်ဖို့ခက်ခဲတဲ့အတွက် တခြားအင်တာနက်ကပုံ တစ်ပုံယူပြီးပဲ ပြလိုက်ပါတယ်။
ပုံကို ဒီလင့်ကနေ သွားယူလာတာပါ https://www.clubmed.com.sg/l/blog/the-best-places-to-watch-fireflies-in-malaysia
ကံကောင်းပုံများကတော့ သေချာချိန်ပြီးသွားတာမဟုတ်ပဲ အစစအရာရာ အဆင်ပြေနေတာကတော့ လမိုက်ညဖြစ်နေတော့ ပိုးစုန်းကြူးလေးတွေက အမှောင်ထဲမှာ ပိုတောက်နေတာရယ်၊ ဒီရေအတက်နဲ့ကြုံလို့ မော်တော်က ကမ်းစပ်နားက သစ်ပင်တွေနားကို တော်တော်နီးနီးသွားလို့ရတာရယ်၊ ပိုးစုန်းကြူးကြည့်နေတုန်းမိုးမရွာပဲ အပြန်လမ်းကျမှ မိုးရွာတာတွေရယ်ပေါ့။ အားလုံးကျေနပ်စရာ တွေချည်းနဲ့ပဲ တစ်ရက်တာကုန်ပြီး ကာရှောင်းဟော်တယ်ပြန် တစ်ညနားလိုက်ကြပါတယ်။
နော်နေ့မနက်စောစောထ ထုံးစံအတိုင်း ကြာဇံကြော်နဲ့ ကော်ဖီကြမ်းစား ပြန်ဖို့အထုပ်ပြင် အန်တီအန်ကယ်နဲ့အစ်မကိုနှုတ်ဆက် လေဆိပ်ရှိရာပီနန်းကျွန်းဘက်ကို ပြန်ထွက်လာခဲ့ကြပါတယ်။ ထုံးစံအတိုင်း လမ်းပြသူကလမ်းပြ ကားမောင်းသူကကားမောင်း ကိုယ်တွေ၂ယောက်က နောက်ကထိုင် ဓါတ်ပုံလေးရိုက် ရေဒီယိုကလာတဲ့ သီချင်းကောင်းလေးတွေနဲ့ငြိမ့်ပေါ့။ လမ်းမှာ PK ရုပ်ရှင်ထဲက ပုဂံပြားပျံတိမ်ကြီးတွေ့လို့ ဓါတ်ပုံတောင် ရိုက်ခဲ့လိုက်သေးတယ်။
ပီနန်းရောက်ဖို့ ကုန်းမကြီးကနေ ကျွန်းဘက်ကို တံတားကမဖြတ်ပဲ ဇာတ်နဲ့ကူး။ ပီနန်းမြို့ကိုရောက် Jetty Walkway လို့ခေါ်တဲ့ ပင်လယ်ဘက်ကို အစွန်းထွက်အိမ်တွေဆောက်ပြီး နေတဲ့နေရာကို သွားကြည့်ခဲ့ကြတယ်။ အဲ့ဒီမှာ ရိုးရာရေခဲမုန့်ဆိုပြီး ဝယ်ကျွေးလို့ ကြည့်လိုက်တော့ ငယ်ငယ်ကဝယ်စားနေကြ ရေခဲထုပ်လေးဖြစ်နေတယ်။
နေပူပူမှာရေခဲထုပ်လေးစားပြီး လမ်းလျှောက်ရတော့ အပူသက်သာတာပေါ့။ မြေပုံကြည့်ပြီး ပီနန်းမှာ နာမည်ကြီးတဲ့ Street Art လေးတွေကို လမ်းလျှောက်ပြီးလိုက်ရှာကြည့်ရတယ်။ တချို့က စက်ဘီးငှားပြီး စက်ဘီးလေးတွေနဲ့ ပတ်ကြည့်ကြတယ်။ မြန်မာပြည်က ဆူးလေနားကမြို့ထဲလမ်းလေးတွေလိုပဲ။ ပီနန်းက တိုင်ပင်းလို မိုးမရွာပဲ နေအရမ်းပူတော့ ရာသီဥတုပူပူနဲ့ နည်းနည်းတော့ပင်ပန်းတယ်။ ပုံအများစုက တိုက်ခန်းဘေးနံရံတွေမှာဆွဲထားပြီး လူတိုင်းကြည့် ဓါတ်ပုံရိုက်လို့ရတယ်။ တစ်ချို့ပုံတွေက ဆိုင်ခန်းတွေအထဲထည့်ထားပြီး ကြည့်ချင်ရင် သူတို့ဆိုင်ကမုန့်ဝယ်စားမှ ဝင်ခွင့်ပေးတယ်။
အဲ့ဒီကနေပြီးတော့ထုံးစံအတိုင်း စားသောက်ဆိုင်တန်းတွေမှာ နေ့လည်စာစား ပြီး Penang hill ဘက်ကိုထွက်ခဲ့တယ်။ Penang hill က ပေပေါင်း ၂၄၀၀ ကျော်ရှိတဲ့ view point လုပ်ထားတဲ့တောင်လေးတစ်ခုပါ။ မြန်မာပြည်မှာဆို မန ္တလေးတောင်လိုမျိုးပေါ့။ သူက တောင်ပေါ်ကို ရထားလေးနဲ့တက်လို့ရအောင်လုပ်ထားတယ်။ အပေါ်မှာတော့ အလှပန်းတွေစိုက်ထားပြီး ပီနန်းမြို့ကို တောင်ပေါ်အမြင့်စီးကနေ ကြည့်လို့ရအောင်လုပ်ထားတယ်။ ပီနန်းတံတားကိုလဲ လှမ်းမြင်ရတယ်။ အဲ့ဒီနေ့က နေ့လည်ရောက်နေပေမဲ့ မြူရှိတော့ မြင်ကွင်းကတော့မြင်ရတာ သိပ်မရှင်းလင်းဘူး။ လူက တိမ်တွေထဲကိုရောက်နေတာလဲဖြစ်နိုင်တယ်။
နေ့လည်ရောက်ပြီး ညနေလေဆိပ်အမှီ လေဆိပ်ဘက် ပြန်ထွက်ခဲ့ကြပါတယ်။ လေဆိပ်ကို ညနေ ၃နာရီခွဲလောက်ကတည်းကရောက်သွားပြီး လေယာဉ်ချိန်က ၈နာရီမှဆိုတော့ ရောက်ရောက်ချင်းစားခဲ့တဲ့ မလေးရှားမှာနာမည်ကြီးတဲ့ Old Town ကော်ဖီဆိုင်မှာပဲ အလာတုန်းက ရှောင်မင်းစားတဲ့ ပီနန်းနာမည်ကြီး Laksa (အုန်းနို့ခေါက်ဆွဲ) စားရင်းနဲ့ လေယာဉ်ချိန်ကိုစောင့်ကြရတာပေါ့။ သူ့အုန်းနို့ခေါက်ဆွဲက အုန်းနို့နဲ့မဟုတ်ပဲ ငါးနဲ့ချက်တာ မုန့်ဟင်းခါးနဲ့ခပ်ဆင်ဆင်ရယ်။ စားရင်းနဲ့ ဒီစာကိုရေးဖို့ တရုတ်လေးကို ခရီးစဉ်တစ်လျှောက်လုံးကအကြောင်းတွေ ပြန်မေး စာအုပ်ထဲချရေးနဲ့ ပြန်ဖို့အချိန်ကျတာနဲ့ပြန်ခဲ့ကြတယ်။
အဲ့ဒီခရီးမှာအမှတ်ရစရာကတော့ အသွားရောအပြန်ရော စီးရတဲ့ Airasia လေယာဉ်က လေယာဉ်မောင်လေးတစ်ယောက်က အရမ်းချောဆိုတော့ မကြာသေးခင်က ပျက်ကျထားတဲ့ Airasia လေယာဉ်အကြောင်းကိုမေ့ပြီး ကြောက်ဖို့သတိမရဘူး ဟီးဟီး။




















