Saturday, October 25, 2014

Mt Bromo

စင်္ကာပူမှသူငယ်ချင်းတွေ ရက်နည်းနည်း အကုန်အကျနည်းနည်းနဲ့ ပျော်စရာကောင်းတဲ့ ခရီးတိုလေးတစ်ခုထွက်ချင်တယ်ဆိုရင် အင်ဒိုနီးရှားမှာရှိတဲ့ Mount Bromo ကိုသွားဖို့ အကြံပေးချင်ပါတယ်။ အင်ဒိုနီးရှားက မြန်မာတွေအတွက် ဗီဇာလျှောက်စရာမလိုတော့ အလုပ်ရှုပ်တော်တော်သက်သာပါတယ်။

စင်္ကာပူကနေ အင်ဒိုနီးရှား Surabaya ကို သွားရပါတယ်။ ကျွန်မတို့သွားတုန်းကတော့ JetStar Cheap Flight ပဲစီးတဲ့အတွက် အသွားအပြန်ကို 142S$ လောက်ပဲကုန်ပါတယ်။ ပုံမှန်ဆို ၁ညအိပ်၂ရက် ခရီးဆို လောက်ပါတယ်။  Jetstar ထုံးစံအတိုင်း မူလယူထားတဲ့ လေယာဉ်အချိန်ကို ပြောင်းခိုင်းတာနဲ့ ၂ညအိပ်၃ရက်ခရီးဖြစ်သွားပါတယ်။ 

အဲ့ဒါနဲ့ ခရီးစဉ်ကို ပထမရက်ညကို Lawang မှာညအိပ်မယ်။ ဒုတိယနေ့ နေ့လည်မှာ Madakaripura ရေတံခွန်ကိုသွားပြီး ညနေမှာ Bromo မှာညအိပ်။ တတိယနေ့မနက် နဲ့ နေ့လည်ကို Bromo မှာလည်ပြီး ညနေဘက်မှာ လေဆိပ်ပြန်ဆင်းမယ်။ ၃ရက်စာဆိုတော့ S$200 > IDR 1880000 လောက်လဲသွားလိုက်ပါတယ်။ လေယာဉ်ခနဲ့ ပထမနေ့ ဟိုတယ်ခက ပေးပြီးသားဆိုတော့ ၃ရက်စာနဲ့ ဒုတိယညဟိုတယ်ခအတွက် လဲသွားတဲ့ပိုက်ဆံက ကောင်းကောင်းလောက်ပြီး ပိုတောင်ပိုနေပါသေးတယ်။ ပြန်တွက်ကြည့်တော့ ၃ရက်ခရီး အားလုံးအပြီးအစီးကို S$350 လောက်ပဲကုန်ခဲ့တယ်။
 


ပထမရက်

သောကြာနေ့ညနေ ၄နာရီခွဲစထွက်တာ ဟိုကို ၆နာရီခွဲလောက်ရောက်သွားပါတယ်။ လေဆိပ်မှာ ညစာတစ်ခါထဲစားကြတော့ တစ်ယောက်ကို IDR 35,000 ပတ်ဝန်းကျင်လောက်ကျသွားတယ်။ ထုံးစံအတိုင်း လေဆိပ်က အပြင်ကထက် အစစအရာရာပိုဈေးကြီးတော့ နောက်ပိုင်း ဈေးတွေခန့်မှန်းလို့ရသွားတာပေါ့။ လေဆိပ်ကနေ Lawang နားက Bess Resort & Waterpark ဟိုတယ်ကို ၂နာရီကျော်ကျော်လောက်မောင်းရပြီး လူ၅ယောက်စီး ကား၁စီးကို IDR 300,000
 ပေးရတယ်။ ကားတွေရော ကားလမ်းတွေရောက တော်တော်ကောင်းတယ်။ ဆိုင်ကယ်တွေလဲအသုံးများကြတယ်။

ဟိုတယ်က ၁ခန်းကို S$50 နဲ့ လူ၃ယောက်ထိနေလို့ရတယ်။ အခန်းကလဲတော်တော်သန့်ပြီး ရှုခင်းလဲတော်တော်ကောင်းတယ်။ ဟိုတယ်အခန်း ၀ရန်တာကနေ မနက်အစောကြီးထပြီး နေထွက်တာကို ထကြည့်လို့အဆင်ပြေတယ်။ နေက၄နာရီ၄၅လောက်ဆိုစထွက်နေပြီ။ ဟိုတယ်အခန်း ၀ရန်တာက တစ်ခန်းနဲ့တစ်ခန်းဆက်နေတော့ ဘေးအခန်းက ကိုယ့်လူအချင်းချင်းမဟုတ်ရင် နည်းနည်းတော့သတိထားရမယ် ကျော်ဝင်လာလို့ရနေတယ်။ စမ်းချောင်းသေးသေးလေးလဲရှိတော့ ရေစီးသံလေးနဲ့ လယ်ကွင်းလေးတွေနဲ့ တောင်တန်းလေးနဲ့ အရမ်းကို သာသာယာယာရှိတယ်။


ဟိုတယ်အတွင်းခန်းပုံ

ဟိုတယ်ဝရံတာမှမြင်ရပုံ

စမ်းချောင်းဘက်မှလှမ်းမြင်ရသောဟိုတယ်ပုံ

ဟိုတယ်ကနေလှမ်းမြင်ရသောရှုခင်းပုံ

ဒုတိယရက်

ဟိုတယ်မနက်စာစားပြီး စမ်းချောင်းဘက်ကိုဆင်းချင်တာ ခြံစည်းရိုးခတ်ထားတော့ ဆင်းမရဘူး။ ဟိုတယ်က စက်ဘီးတွေငှားပြီး ဟိုနားဒီနားလျှောက်ကြည့်မယ်ဆိုတော့လဲ စက်ဘီးတွေကလေမရှိ လေထိုးတံလဲ ပျောက်နေလို့ Bromo ဘက်ကိုကလဲ နေ့လည်၁၂နာရီလောက်မှ ကူးမှာဆိုတော့ ဘာမှလုပ်စရာမရှိဖြစ်နေကြရော။ အဲ့ဒါနဲ့ ဟိုနားဒီနားလျှောက်ကြည့်ရင်း ဟိုတယ်ဝန်ထမ်းတစ်ချို့ စမ်းချောင်းဘက်ကတက်လာတာမြင်လိုက်တော့ သူတို့ ဘယ်လိုတက်လာလဲသွားမေးပြီး သူတို့သွားတဲ့အတိုင်း ခြံစည်းရိုးကျော်ဆင်းပြီး ခွေးတိုးပေါက်လေးကနေ စမ်းချောင်းလေးဘက်ကို မရောက်ရောက်အောင်သွားခဲ့လိုက်တယ်။ ဟိုတယ်နဲ့ရွာနဲ့က စမ်းချောင်းလေးပဲခြားထားတာ ၀ါးတံတားလေးနဲ့ကူးလိုက်ရင် ရွာလေးဘက်ကိုပေါက်တယ်။ ရွာနဲ့ဆက်နေတော့ ရေတွေထဲကို အမှိုက်တွေပစ်လို့ နည်းနည်းညစ်ပတ်ပြီး အနံ့နည်းနည်းရှိတယ်။

ဟိုတယ်နောက်ကစမ်းချောင်းပုံ

စမ်းချောင်းတစ်ဖက်ကမ်းက ရွာလေး

စမ်းချောင်းဘေးက လယ်ကွင်းလေး


ဟော်တယ်မှာ Waterpark လေးတစ်ခုလဲရှိတယ် ဒါပေမဲ့ နေပူတော့ ရေတော့ သွားဆင်းမကစားခဲ့လိုက်ဘူး။ Waterpark ထက် စမ်းချောင်းဘက်ကို ပိုစိတ်ဝင်စားနေတာလဲပါတယ်။
ငါးမျှားချင်ရင်လဲ ငါးမျှားတဲ့ကန်လေးလုပ်ပေးထားတယ်။ သူငယ်ချင်းတွေကတော့ ငါးကို သွားမျှား မိရင်ပြန်လွှတ်နဲ့ ငါးကိုသွားပြီးဒုက္ခပေးလိုက်ကြသေးတယ်။



ဟိုတယ်က မြို့နဲ့နည်းနည်းဝေးတော့ ကားထွက်ငှားဖို့ တော်တော်အဆင်မပြေဘူး။ ဟိုတယ်ကိုမေးကြည့်တော့ သူတို့ ချိတ်ပေးလို့ ကားငှားလို့အဆင်ပြေသွားတယ်။ ဟိုတယ်ကနေ Bromo နားက Madakaripura ရေတံခွန် အဲ့ဒီကနေမှ Bromo တောင်ခြေရင်းနားက Cafe Lava Hostel ကိုသွားတာ လူ၅ယောက်စီးကား၁စီးကို IDR 600,000 နဲ့ငှားရတယ်။

ကားသမားတွေက တော်တော်သဘောကောင်းပါတယ်။ နေ့လည်စာစားဖို့ သူတို့ခေါ်သွားတဲ့ Waroeng Iwak 35 ဆိုတဲ့ဆိုင်က ဈေးအရမ်းမကြီးပဲ အစားအစာတွေက လတ်လတ်ဆတ်ဆတ်နဲ့ အရသာကောင်းတယ်။ ငါးကန်တွေထားပေးထားပြီး ငါးတွေကို ကိုယ်တိုင်မျှားပြီးလဲ ချက်ခိုင်းလို့ရတယ်။ ခြံအကျယ်ကြီးထဲမှာ တဲလေးတွေအများကြီးဆောက်ထားပြီး ကိုယ့်အုပ်စုနဲ့ကို သီးသန့်စားလို့ရအောင်လဲလုပ်ထားတော့ တော်တော်မဆိုးဘူးပြောရမယ်။ လူ၉ယောက်နဲ့ ကားသမား၂ယောက်အပါစားတာတောင် IDR 270,000 ပဲကျတယ်။ တဲလေးတွေရဲ့အနောက်ဘက်မှာ ငါးတွေကို အုတ်ကန်တွေဆောက်ပြီး မွေးထားတာအများကြီးပဲ။

နေ့လည်စာစားခဲ့တဲ့ တဲနေရာလေး
ဆိုင်နောက်ဘက်က ငါးကန်တွေမြင်ရပုံ
စားသောက်ဆိုင်လိပ်စာနဲ့ဖုန်းနံပါတ်

 နေ့လည်စာစားတဲ့နေရာကနေ ရေတံခွန်ကို နောက်ထပ်၂နာရီလောက်မောင်းရသေးတယ်။   လမ်းကတောင်တက်တောင်ဆင်းတွေနဲ့ ရှုခင်းကတော့ တော်တော်လှတယ်။ ရေတံခွန်ရောက်တော့ ညနေ၅နာရီလောက်ဖြစ်နေပေမဲ့ နေထွက်တာစောတော့ နေ၀င်တာလဲစောတယ်ဆိုတော့ မှောင်စပြုနေပြီ။ ရေတံခွန်ဝင်ကြေးပေးရသေးတယ် တစ်ယောက်ကို IDR 3000။ ရေတံခွန်မသွားခင် အိမ်သာဝင်တာ ပိုက်ဆံပေးရတယ် ၁ယောက်ကို IDR 2000 တဲ့။ ရေတံခွန်ဘက်ဆင်းဖို့ ဖိနပ်စလစ်ပါတွေ အတင်းလိုက်ရောင်းတာ တစ်ရံကို IDR 2000 နဲ့။ ရေတံခွန်ကားပါကင်ကနေ ရေတံခွန်ထိရောက်ဖို့ကို နောက်ထပ် ၄၅မိနစ်လောက်လျှောက်ရတယ်။ ရေတံခွန်က တော်တော်လေးကိုလှတယ်။ ရေတံခွန်နားမှာ ရေစိုမခံနိုင်တဲ့လူတွေအတွက် မိုးကာ၁ထည်ကို IDR 2500 နဲ့ ရောင်းနေတဲ့ဆိုင်လေးတွေရှိတယ်။ ရေတံခွန်ရောက်တော့ မှောင်နေပြီ လူတွေလဲ မရှိတော့ဘူးဆိုတာနဲ့ ဓါတ်ပုံမြန်မြန်ရိုက်ပြီး ပြန်လာရတယ်။ ကားဆီပြန်ရောက်တော့ မိုးလုံးဝချုပ်သွားပြီ နာရီကြည့်တော့ ၆ခွဲလောက်ပဲရှိအုံးမယ်ထင်တယ်။

ရေတံခွန်ဘက်သွားသော ကားလမ်း

ရေတံခွန်သို့ဆင်းသောလမ်း
ရေတံခွန်သို့ဆင်းသောလမ်း

ရေတံခွန်ကို လမ်းတစ်ဝက်မှ လှမ်းမြင်ရပုံ

Madakaripura ရေတံခွန်

အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်အကူအညီနဲ့ မသွားခင်ကတည်းက Cafe Lava Hostel မှာ ဘွတ်ကင်လုပ်သွားလိုက်တာ တော်တော်အဆင်ပြေသွားတယ်။ ဟိုတယ်ကို ဖုန်းဆက်ပြီး ဘွတ်ကင်ယူလို့ရသွားတယ်။ စရံငွေပေးစရာလိုပေမဲ့ ပိုက်ဆံလွှဲဖို့ အခက်အခဲရှိတာကြောင့် ဟိုတယ်ကသဘောကောင်းတော့ ဟိုတယ်ရာက်မှပေးလို့ ပြောလို့ အဆင်ပြေသွားတယ်။ နောက်လိုတဲ့သူတွေအဆင်ပြေအောင် အောက်မှာဆက်သွယ်လို့ရတဲ့ ဖုန်းနဲ့အီးလ်မေးလိပ်စာထည့်ပေးထားလိုက်တယ်။
CAFE LAVA HOSTEL
cemorolawang-sukapura-probolinggo
Phone     : (0335) 541 020
Fax        : (0335) 541 020
Mobile    : 081 235 841 111
Email      : cafelavarsvn@gmail.com

ရေတံခွန်ကနေ Cafe Lava Hostel ကို နောက်ထပ် ၁နာရီလောက်ထပ်မောင်းရသေးတယ်။ ဟိုကိုရောက်တော့ ညမိုးချုပ်သွားပြီ။ နောက်ရက်လေဆိပ်ဆင်းဖို့ အဲ့ဒီကားသမားကြီးတွေကိုပဲ ဟိုတယ်ကနေ လေဆိပ် ၄နာရီခရီးကို ၁စီး IDR 600,000 နဲ့ပဲ တစ်ခါထဲ ငှားလိုက်တော့ ကားသမားတွေလဲ မပြန်တော့ပဲ အဲ့ဒီဟိုတယ်မှာပဲ အိပ်ကြတယ်။ သူတို့ကျတော့ တစ်ယောက်ကိုလား တစ်ခန်းကိုလားမသိဘူး IDR 100,000 ပဲပေးရတယ်ပြောတယ်။ ဟိုတယ်ခက ၁ညကို IDR 500,000 နဲ့ ၂ယောက်ခန်းတွေ။ တောင်ပေါ်ဟိုတယ်ဆိုတော့ အရမ်းကြီးတော့မကောင်းပေမဲ့ တောင်နဲ့ အနီးဆုံးနေရာဆိုတော့ မဆိုးပါဘူး။ အိပ်ယာတွေ အခန်းတွေကတော့ အနံ့အသက်သိပ်မကောင်းဘူး။ အိပ်ရုံပဲဆိုတော့အဆင်ပြေပါတယ်။

ဟိုတယ်ပိုင် စားသောက်ဆိုင်လေးလဲရှိတော့ ညစာကို အဲ့ဒီမှာပဲစားလိုက်တယ်။ ညစာ၎ယောက်စာတစ်ဝိုင်းရှင်းတာ IDR 370,000 လောက်တော့ပေးလိုက်ရတယ်။ အစားအသောက်ကတော့ ပုံမှန်ပါပဲ။ ညစာစားပြီးပင်ပန်းနေကြတော့ ဟိုတယ်အခန်းတွေကို ဓါတ်ပုံရိုက်ထားဖို့ ဘယ်သူမှသတိမရကြတော့ဘူး။ မနက် ၃နာရီလောက်ထပြီး နေထွက်တာကြည့်ဖို့ Viewpoint ကိုသွားရအုံးမှာဆိုတော့ အားလုံးပဲ စောစောအိပ်လိုက်ကြတယ်။

တတိယရက်
မနက် ၃နာရီထပြီး Viewpoint ကိုလမ်းလျှောက်တက်တော့ ၀င်ကြေးတစ်ယောက်ကို IDR 220,000 ပေးရတယ်။ Viewpoint ကို ဂျစ်ကားတွေနဲ့တက်လို့လဲရတယ်။ ကျွန်မတို့အဖွဲ့က လမ်းလျှောက်တက်တော့ ဂျစ်ကားဈေးမသိလိုက်ဘူး။ Viewpoint တွေအများကြီးထဲမှာမှ လူနည်းမဲ့ Panajakan ကိုသွားဖို့ရွေးလိုက်ပေမဲ့ ပင်ပန်းလို့ Seruni Point ထိပဲ ရောက်ခဲ့တယ်။ ဟိုတယ်ကနေဆို ၁နာရီကျော်လောက် လမ်းလျှောက်တက်လိုက်ရတယ်။ တောင်ပေါ်ဒေသဆိုတော့ ရာသီဥတုက တော်တော်အေးတယ် ၁၅ ဒီဂရီလောက်ရှိမယ်ထင်တယ်။ လမ်းလျှောက်တက်တာ တော်တော်ပင်ပန်းပြီး လေတွေမှာလဲ မီးခိုးငွေ့တွေပါတော့ တော်တော်အသက်ရှူရခက်တယ်။

လမ်းတစ်ဝက်မှာစပြီး မြင်းငှားမဲ့သူတွေကိုတွေ့ရလိမ့်မယ်။ ဆက်မတက်နိုင်ရင် မြင်းငှားလို့ရတယ် ၁စီးကို IDR 100,000 လောက်ပေးရတယ်။ အသွားတုန်းက မှောင်ကလဲမှောင် မောကလဲမော အသက်ရှူကလဲမ၀ဆိုတော့ တော်တော်အဆင်မပြေဘူး။ Viewpoint ရောက်တော့ နေစထွက်နေပြီး။ အဲ့ဒီအချိန်ကျတော့မှပဲ ဓါတ်ပုံရိုက် ရှုခင်းကြည့်နဲ့ အလုပ်တွေအရမ်းကိုရှုပ်သွားတယ်။  Viewpoint မှာ ဆိုင်သေးသေးလေးတွေရှိတော့ ရာသီဥတုချမ်းစိမ့်စိမ့်နဲ့မို့  ၀ယ်သောက်လိုက်တဲ့ကော်ဖီမစ်က အရသာအရမ်းမကောင်းပေမဲ့ ပူပူလေးဆိုတော့ သောက်လို့အရမ်းကောင်းသွားတယ်။
ဟိုတယ်ကပေးလိုက်တဲ့မြေပုံ
 Mt Bromo နေထွက်ရှုခင်း

နေထွက်ပြီး လင်းသွားတော့မှ အတက်တုန်းကရှူခဲ့ရတဲ့ အငွေ့တွေကို တိမ်တွေအနေနဲ့မြင်လိုက်ရတယ်။ အဲ့ဒီတိမ်တွေကို Sea of clouds လို့ခေါ်ကြတယ်။ ရှုခင်းကတော့အရမ်းကိုလှတယ်။ ဓါတ်ပုံထဲမှာထက် အပြင်မှာ ပိုလှတယ်။
Bromo ကို Viewpoint မှ လှမ်းမြင်ရပုံ



Viewpoint ကပြန်အဆင်းမှပဲ လင်းလင်းရှင်းရှင်းနဲ့ ဘေးကရှုခင်းတွေတော်တော်လှတာကို သတိထားမိတော့တယ်။ ဂျစ်ကားနဲ့သာတက်မိရင် ဒီလောက်လှတဲ့ရှုခင်းတွေကို အေးအေးဆေးဆေး မြင်လိုက်ရမယ်မထင်ဘူး။ အဆင်းဆိုတော့ အရမ်းမပင်ပန်းတော့ဘူး။ အပြန်လမ်းမှာ ဓါတ်ပုံလေးရိုက်လိုက် ရှုခင်းလေးကြည့်လိုက်နဲ့ ဟိုတယ်ကိုပြန်လာပြီးမနက်စာစားလိုက်တယ်။





စောစောက မနက်နေထွက်တဲ့ပုံနဲ့ Bromo ကို ဘေးပတ်ပတ်လည်က ပိုမြင့်တဲ့တောင်တွေပေါ်ကနေ ငုံ့ကြည့်ကြတာဆိုတော့ ခုမှ တကယ့် Bromo ရှိတဲ့ဘက်ကိုသွားကြမှာ။ မနက်ကတောင်တက်လိုက်ရတော့ လူတွေက တော်တော်ပင်ပန်းသွားကြပြီမို့ Bromo ဘက်ကို လမ်းလျှောက်သွားချင်ပေမဲ့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ကြတော့ဘူး။ ဟိုတယ်ကပြောတော့ မိနစ်၂၀ပဲလမ်းလျှောက်ရတယ်တဲ့။ အဲ့ဒီမိနစ်၂၀ဆိုတာ နောက်မှသိတာက ဟိုတယ်ကနေ ဂျစ်ကားစီးပြီး Bromo ဂျစ်ကားရပ်တဲ့နေရာကနေမှ Bromo ထိကို မိနစ်၂၀ထပ်လျှောက်ရသေးတာကို ပြောတာမှန်းသိတော့တယ်။ တော်သေးတာပေါ့ ဂျစ်ကားလေးငှားစီးမိသွားလို့။ မဟုတ်ရင် သဲကန္တာရထဲမှာ အသက်ထွက်သွားနိုင်တယ်။  ဟိုတယ်တောင်ပေါ်ကလှမ်းကြည့်တာ သဲတွေက သံမန်တလင်းခင်းထားသလိုပဲ။ အဲ့ဒီ သဲပြင်နေရာကို Sand Sea လို့လဲခေါ်ကြတယ်။
ဟိုတယ်ရှေ့နား ဂျစ်ကားငှားသည့်နေရာမှ Bromo ကားရပ်နားသည့်နေရာကိုလှမ်းမြင်ရပုံ


မြင်းသမားတွေကားဘေးမှကပ်လိုက်လာပုံ

ဂျစ်ကား၁စီး လူ၅ယောက်ထိစီးလို့ရတယ် ၁စီးကို IDR 200,000 ပေးရတယ်။ ကားက လမ်းတစ်ဝက်လောက်ရောက်တာနဲ့ ဘေးပတ်ပတ်လည်မှာ မြင်းသမားတွေ မြင်းတွေစီးပြီး ဒုန်းဆိုင်းလိုက်လာကြတယ်။ ကားက Bromo တောင်ခြေထိသွားလို့မရဘူး။ ကားရပ်တဲ့နေရာကနေ တောင်ခြေထိကို သဲကန္တာရ ထဲမှာ မိနစ်၂၀လောက်လမ်းလျှောက်ရမယ်။ ကားရပ်ပြီး လူတွေဆင်းတာနဲ့ သူတို့မြင်းတွေကိုငှားစီးဖို့ ပြောကြတယ်။ မြင်း၁ကောင်ကို ကားရပ်တဲ့နေရာကနေ Bromo တောင်ခြေထိကို IDR 50,000 နဲ့ တောင်ပေါ်အလယ်လှေကားလေးနားထိကို IDR 100,000 နဲ့။ အဖွဲ့ထဲက တစ်ချို့က မြင်းတွေငှားစီးကြတယ် မဆိုးဘူး ပျော်စရာတော်တော်ကောင်းတယ်။ 

ဂျစ်ကားရပ်ရာနေရာ

ကားရပ်တဲ့နေရာကနေ ဒီတောင်ခြေထိကို IDR 50,000 တောင်ပေါ်ထိဆက်တက်ချင်ရင် နောက်ထပ် IDR 50,000 ထပ်ပေးရမယ်။ ခုမြင်ရတဲ့တောင်က Bromo မဟုတ်သေးဘူး။ Bromo ကသူ့ဘေးမှာ သူ့တစ်ဝက်လောက်နိမ့်တယ်။
ရှေ့တွင် Bromo တောင်ကိုမြင်ရပုံ

Bromo မီးတောင်ပုံ

တောင်ခြေမှ ဟိန္ဒူ ဘုရားကျောင်းပုံ

စောစောကနေရာကနေ ရှေ့ကမြင်ရတဲ့ Bromo လှေကားလေးတွေထိကို မြင်းငှားရင် IDR 50,000 ပေးရမယ်။ မြင်းသမားတွေက ဘေးကနေ ဒေါက်လျှောက်ကပ်လိုက်ပြီး သူတို့မြင်းကိုငှားဖို့ အတင်းလိုက်ပြောကြတယ်။ သဲထဲမှာ လမ်းလျှောက်ရတာ တော်တော်မလွယ်မှန်း အဲ့တော့မှပဲသိတော့တယ်။ ခြေလှမ်းလှမ်းလိုက်တိုင်း ခြေထောက်ကသဲထဲဝင်သွားတော့ တောင်ခြေထိကို တော်တော်လျှောက်ယူလိုက်ရတယ်။ သဲလေပွေလေးတွေ တစ်ချက်တစ်ချက်ထထတိုက်တာလဲမြင်ရတယ်။ မျက်စိထဲနဲ့ ပါးစပ်ထဲတွေကို သဲတွေဝင်တယ်။ သဲက ဖိနပ်ထဲတင်မကဘူး ခြေအိပ်ထဲထိပါဝင်တယ်။ 
Bromo မီးတောင်ကို တောင်ခြေမှ လှမ်းမြင်ရပုံ

ဒေသခံတွေက အဲ့ဒီပန်းလေးတွေကို Bromo မီးတောင်ထဲပစ်ချပြီး ဆုတောင်းလေ့ရှိကြတယ်
 Bromo မီးတောင် လှေကားပေါ်ကနေ အောက်ဘက်ကို လှမ်းမြင်ရပုံ

Bromo မီးတောင်တွင်း

Bromo မှ အပြန်လမ်းကိုကားပေါ်မှမြင်ရပုံ

ဟိုတယ်ကို ၁၁နာရီပတ်ဝန်းကျင်လောက်ပြန်ရောက် ခဏနား ရေချိုး ပြီး ဟိုတယ် Check out လုပ် ၁၂နာရီကားရောက်တော့ လေဆိပ်တခါထဲ ဆင်းခဲ့ကြတယ်။ အပြန်လမ်းမှာ ထမင်းဝင်စားတော့ တစ်ယောက်ကို IDR 45,000 လောက်ကျတယ်။ ဆိုင်ကတော့ ရိုးရိုး ထမင်းဆိုင်ကြီးတစ်ခုပါပဲ။ အလာတုန်းကစားခဲ့တဲ့ဆိုင်လေးလောက်ဘယ်ဆိုင်မှမကောင်းတော့ဘူး။ လေယာဉ်ချိန်က ၈နာရီ လေဆိပ်ကို ၄နာရီခွဲလောက်ပဲရှိသေးတော့ လေဆိပ်က ကော်ဖီဆိုင်မှာ ထိုင်ပြီး ရိုက်ခဲ့တဲ့ဓါတ်ပုံတွေပြန်ကြည့်ပြီးရီကြ စကားတွေပြောကြနဲ့ပဲ လေယာဉ်ချိန်ရောက်သွားပြီး ပြန်ခဲ့ကြတယ်။ စင်္ကာပူလေဆိပ်ရောက်တော့ ည၁၂နာရီလောက်ရှိနေပြီ။ ခရီးကနည်းနည်းပင်ပန်းပေမဲ့ တော်တော်ပျော်ဖို့ကောင်းပါတယ်။

အော် ပြောဖို့တစ်ခုကျန်သေးတယ်။ အရေးမကြီးဘူးထင်ရပေမဲ့ အရေးကြီးတာတစ်ခုကြောင့် ဒုက္ခရောက်ခဲ့တာတစ်ခုရှိတယ်။ အင်ဒိုနီးရှားက ပလတ်ခေါင်းကိစ္စ 2 Pins ကိုမှ အထဲချိုင့်ဝင်နေတဲ့ခေါင်းတွေဆိုတော့ ကိုယ့်ပလတ်ခေါင်းတွေနဲ့ မကိုက်တော့ ဘာကိုမှ အားသွင်းလို့မရခဲ့ဘူး။ ဟိုတယ်ကလဲ ဘာမှတောင်းလို့မရဘူး။







5 comments:

  1. Madakaripura မှာ မင်းသားတွေ နောက်က လိုက်တဲ့အကြောင်းလေး ထည့်ရေးလိုက်ပါအုံး။ :P

    ReplyDelete
  2. လူကြမ်းတွေ နောက်ကလိုက်နှောက်ယှက်လို့ မင်းသားက အပြန်လမ်းမှာ ဆိုင်ကယ်နဲ့ လာစောင့်ကယ်ရတဲ့အကြောင်းလား ?? :D

    ReplyDelete
  3. Replies
    1. Thank you Xiaoming. My purpose is to share my knowledge and experiences with our Myanmar people so please bear with me and our language.

      Delete